မြန်မာသရအက္ခရာများ

၄၉။      မြန်မာစာရေးသားမှုတွင် အခြေခံအားဖြင့် သရအက္ခရာ (၁၂) လုံး ရှိသည်။ ၎င်းတို့မှာ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အို တို့ ဖြစ်သည်။ တစ်နည်းအားဖြင့် အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ၊ အို ဟုလည်း ရေးသားနိုင်သည်။ ယင်းအခြေခံ သရ (၁၂) လုံးကို မူတည်ပြီး အောက်မြစ် (- ့)၊ ဝိသဇ္ဇနီ (-း) တို့ဖြင့် အရေးပွား၍လည်းကောင်း၊ အသတ်ဗျည်းများဖြင့် အရေးပွား၍လည်းကောင်း လိုအပ်သမျှ ချဲ့ထွင် အသုံးပြုကြသည်။

၅ဝ။     မြန်မာစာ မူလအခြေခံ သင်ပုန်းကြီး၌ ကမချဂ သရ (၂၁) လုံးဟူ၍ ရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

အာ

အား

အိ

အီ

အီး

အု

အူ

အူး

အေ

အေ့

အေး

အဲ

အဲ့

အဲး

အော

အော့

အော်

အံ့

အံး

၅၁။      ယင်းသရ (၂၁) လုံးအနက် အောက်မြစ် (- ့)၊ ဝိသဇ္ဇနီ (-း) ဖြင့် ပွားထားသော သရများကို နုတ်ပယ်၍ မူလအခြေခံသရများ ထုတ်ယူသောအခါ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ ဟူ၍ သရ (၁၁) လုံး ရရှိသည်။ ယင်းသရ (၁၁) လုံးတွင် အိုသရကို ဖြည့်စွက်သောအခါ အထက်အပိုဒ်၌ ဖော်ပြခဲ့သည့် မြန်မာစာ၏ အခြေခံဖြစ်သော သရ (၁၂) လုံး ရရှိလာသည်။

၅၂။      သင်ပုန်းကြီးတွင် ကမချ သရ (၂၁) လုံး စီစဉ်ရာ၌ အသတ်ဗျည်းမပါသည့် သရများကိုချည်း ရွေးသန့် စီစဉ်ခဲ့သည်။ ထိုသို့ စီစဉ်ပြုစုသည့် ကာလ၌ အိုသရကို ‘အိုဝ်’ဟု ဝသတ်နှင့် ရေးဆဲဖြစ်သည်။ ထို့ကြောင့် ကမချသရ စာရင်းတွင် အိုဝ်သရကို မထည့်သွင်းခဲ့ပေ။ နောင်သော် ဝသတ်ပြုတ်ပြီး အိုဟု အရေးတွင်ကျယ်လာသည်။ ထို့ကြောင့် မူလကမပါသော အိုကို အခြေခံသရစာရင်းတွင် ထည့်သွင်း ရေတွက်သည်။

ဂ [မှတ်ချက်။   ။ သက္ကတ၊ ကြမူး ပါဠိ၊ ကမသ = အစဉ်အတိုင်းဟု အဓိပ္ပာယ်ရှိသည်။]

၅၃။      ဗျည်းအရေအတွက်နှင့် စပ်လျဉ်း၍ အယူအဆအမျိုးမျိုး ရှိကြသကဲ့သို့ သရအရေအတွက်နှင့် စပ်လျဉ်း၍လည်း အယူအဆအမျိုးမျိုး ရှိခဲ့ကြသည်။ ရှေးပါဠိသဒ္ဒါကျမ်းတစ်စောင်ဖြစ်သော ကစ္စည်းသဒ္ဒါကျမ်းက အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ-သရရှစ်လုံးဟု ပြသည်။ မောဂ္ဂလလာန်ကျမ်းကမူ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ၊ ဧတ်၊ သြတ်-သရ (၁ဝ) လုံးဟု ပြသည်။ ကုန်းဘောင်ခေတ် တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာကျမ်း၌မူ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ သြ-သရရှစ်လုံးတွင် အဲ၊ သြော်၊ အို သုံးလုံးဖြည့်စွက်ပြီး မြန်မာသရ ၁၁ လုံးဟု ပြဆိုခဲ့သည်။ ယင်းပြဆိုချက်များ၌ အံ ကို မတွေ့ရချေ။ ရှေးသဒ္ဒါဆရာများက အံ ကို အခြေခံသရတစ်ခုအဖြစ် မယူကြချေ။ ၎င်းတို့က နိဂ္ဂဟိတ် (- ံ) ကို ဗျည်းစာရင်း၌ ထည့်သွင်းကြသဖြင့် အသရတွင် နိဂ္ဂဟိတ်ဗျည်း (- ံ) ယှဉ်သော အံ ကို အခြေခံသရတွင် မထည့်ကြခြင်းဖြစ်သည်။ မြန်မာ သင်ပုန်းကြီးကမူ အံ ကို ဗျည်းစာရင်း၌ ထည့်သွင်း မပြဆိုခဲ့ချေ။ အသတ်ဗျည်းမပါသော သရများကို ကမချသရများအဖြစ် စုစည်း ဖော်ပြသော အခါတွင်မူ အသတ်ဗျည်း ထင်ရှားမရှိသော အံ သည်လည်း ကမချ သရများတွင် အကျုံးဝင်ခဲ့လေသည်။ ဤသို့ဖြင့် သင်ပုန်းကြီးက အံ ကို သရတစ်ခုအဖြစ် ဖော်ပြခဲ့ပေသည်။

၅၄။      ပုဂံခေတ် ရှေးဦးမြန်မာအရေးအသားများတွင် အထက်ပါ သရ (၁၂) လုံးအနက်မှ အဲ၊ အော်၊ အို တို့ကို မတွေ့ရသေးပေ။ ထိုခေတ်က -ဲ အစား -ါယ် ကိုလည်းကောင်း [သာဓက။   ။ ပါယ်ကြီး၊ ပါယ်လွမ် (ပဲကြီး၊ ပဲလွမ်း)] ေ-ာ် အစား -ဝ် ကို လည်းကောင်း၊ [သာဓက။   ။ တဝ်၊ ပုဇဝ် (တော်၊ ပူဇော်)] -ို  အစား -ိဝ်၊ -ုဝ်၊ ေ-ိဝ်၊ -ိုဝ် တို့ကိုလည်းကောင်း၊ [သာဓက။   ။ ထိဝ်၊ ထုဝ်၊ ထေိဝ်၊ ထိုဝ် (ထို)] သုံးခဲ့ကြသည်။ အဆိုပါ ပါယ်၊ ထိုဝ် စသည့် စာလုံးများတွင် ယ်၊ ဝ် များ ပါရှိနေခြင်းကြောင့် ၎င်းတို့ကို သရအဖြစ် မသတ်မှတ်ခဲ့ပေ။

၅၅။     သက္ကရာဇ် ၄၉၃-ခုနှစ်ထိုး အလောင်းစည်သူမင်း၏ ရွှေဂူကြီး ပါဠိဘာသာ ကျောက်စာတွင် ဗေဲသာခမာသ ဟု ဧဲ သရဖြင့် ရေးထိုးထားသည်ကို တွေ့ရသည်။ သက္ကရာဇ် ၅ဝ၉-ခုနှစ်ထိုး ငနွယ်သင်ကျောက်စာ (ပုံ-၅၉) တွင် ‘လဲကိုဝ်ဖျက်ဆီသသူ’ဟူ၍ အဲသရကို တွေ့ရသည်။ ဧဲ သဏ္ဌာန်သည် သက္ကတသဏ္ဌာန်ဖြစ်၍ အဲ သဏ္ဌာန်သည် မြန်မာမှုပြုထားသော သဏ္ဌာန်ဖြစ်ပေသည်။ ပါဠိတွင် အဲသရမရှိချေ။ ထိုသက္ကတ ဧဲသဏ္ဌာန်ကို စွဲ၍ ယောအတွင်းဝန်၏ လိပိဒီပိကာကျမ်း၊ လယ်တီဆရာတော်၏ သင်ပုန်းကြီးသံခိပ် စသည်တွင် သရအက္ခရာများကို ပြဆိုရာ၌ ဧဲဟု ပြဆိုခဲ့ကြသည်။ သို့သော် ဝေါဟာရတ္ထပကာသနီကျမ်းပြုဆရာတော်ကမူ မြန်မာမှု အဲ ကိုပင် နှစ်သက်သည်။ ခင်ကြီးဖျော်၏ သဒ္ဒဗျူဟာတွင်လည်း အဲဟုပင် ပြသည်။ မြန်မာမှု၌ ေ-ဲ ရေးထုံးမရှိကြောင်းကို ဝေါဟာရတ္ထပကာသနီကျမ်းက ‘သဝေတွင် နောက်ပစ်၍လည်း မြန်မာမှု၌ မထင်ရှိခဲ့’ဟု ပြဆိုခဲ့သည်။ အဲသည် သက္ကရာဇ် ၅ဝဝ ခန့်မှစ၍ မြန်မာသရတစ်ခု ဖြစ်လာခဲ့ပေသည်။

၅၆။     အော် သရသည် ပါဠိ၊ သက္ကတဘာသာများတွင် မလာရှိချေ။ မြန်မာမှုသရတစ်လုံးဖြစ်သည်။ ပုဂံခေတ် အေဒီ ၁၂ ရာစုအစပိုင်း၌ -ဝ် ဖြင့် ရေးခဲ့ကြသည်။ [သာဓက။   ။ ပုထိုဝ်တဝ် (ပုထိုးတော်)၊ လှဝ်ကာ (လှော်ကား)၊ ခဝ် (ခေါ်)။] အေဒီ ၁၂ ရာစုနောက်ပိုင်းတွင် ဝ သတ် မပါဘဲ ရှေ့ထိုးသကေင်္တဖြင့် အော်သရကို စတင် ရေးလာကြသည်။ [သာဓက။   ။ စာတိ(စေတီတော်)၊ ရခေလျ (ရချေသော်)၊ အဟိန်အ (အရှိန်အစော်)။] ထိုအခါတွင် အခြေခံသရတစ်ခုဖြစ်လာသည်။ အော်ကို ဝ်ဖြင့်ရော၊ ရှေ့ထိုးဖြင့်ပါ နှစ်သက်သလို ရေးလာရာမှ အေဒီ ၁၃ ရာစု အတွင်းတွင် သဝေရေးချတွင် ရှေ့ထိုးဖြင့်လည်း ရေးလာကြသည်။ ဤသို့ -ဝ်၊  ၊ ေ- ဟူ၍ အဓိကအားဖြင့် သဏ္ဌာန် ၃ မျိုး ကွဲပြားရာမှ အေဒီ ၁၄ ရာစုတွင် -ဝ် ဖြင့် အရေး နည်းပါးသွားသည်။ အေဒီ ၁၈ ရာစုတွင်  ချည်းသက်သက် သဏ္ဌာန်မှာလည်း အသတ် -် နှင့် မှားယွင်းဖွယ်ရှိလာသည်။ ထို့ကြောင့် ထိုအရေးမျိုး နည်းပါးလာသည်။ ထိုမှစ၍ ေ-ာ် အရေးသည် တွင်ကျယ်လာသည်။

၅၇။     အို သည် ရှေးအခါက ဝ် ပါနေသဖြင့် ၎င်းကို သရစာရင်း၌ မထည့်ကြောင်း အထက်အပိုဒ် (၅၄) တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ပုဂံ ခေတ်ဦး ကျောက်စာတစ်ချပ်တလေ၌ ဝ် မပါသော အို အရေးကို တွေ့ရသော်လည်း စံကျရေးထုံးဟု မဆိုနိုင်ချေ။ ပုဂံခေတ်မှ ကုန်းဘောင်ခေတ် သက္ကရာဇ် ၁၁၅ဝ ခန့်အထိ  အိုဝ် ရေးထုံးကို သုံးခဲ့သည်။ ဝသတ်မပါသော အို ရေးထုံးကို သက္ကရာဇ် ၁ဝဝဝ ခန့်မှစ၍ တွေ့ရသည်။ သက္ကရာဇ် ၁ဝဝဝ ခန့်မှ ၁၁၅ဝ ခန့်အထိ အိုဝ် ရော အို ပါ သုံးခဲ့ကြသည်။ သက္ကရာဇ် ၁၁၅ဝ နောက်ပိုင်းတွင် အများသူငါ ရေးသားရာ၌ ဝ် ကို မသုံးတော့ပေ။ နန်းတွင်း၌မူ ဆက်လက်သုံးစွဲခဲ့သေးသည်။ မန္တလေးရတနာပုံခေတ်တွင်မူ အိုဝ် ကို မတွေ့ရတော့သလောက် ဖြစ်လာသည်။

၅၈။     ဤသို့အားဖြင့် မြန်မာအခြေခံသရ အက္ခရာလုံးရေသည် မူလ အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အော၊ အံ (၉) လုံးတွင် ရှေးဦးစွာ အဲ၊ ထိုနောက် အော်၊ နောက်ဆုံးတွင် အို တိုးပြီး (၁၂) လုံး ဖြစ်လာခဲ့သည်။

၅၉။     မြန်မာစာအရေးအသားသည် ဗြာဟ္မီအရေးအသား၌ မြစ်ဖျားခံ၍ ဖြစ်ပေါ်ထွန်းပေါက်လာပြီး မြန်မာ ဘာသာစကားနှင့် ကိုက်ညီသော ဗျည်း သရများ တည်တံ့လာခဲ့ပုံကို အက္ခရာပုံနှိုင်းယှဉ်ပြ ဓာတ်ပုံဇယားများအရ သိရှိနိုင်ကြပေသည်။

အက္ခရာအမည်ရ သကေင်္တများ

၆ဝ။     မြန်မာစာတွင် အက္ခရာအမည်ရသော အတိုရေးသကေင်္တ ၃ ခု ရှိသည်။ ယင်းတို့မှာ အောက်ပါတို့ ဖြစ်သည်-

အက္ခရာ ၏၊

အက္ခရာ ၍၊

အက္ခရာ ၌။

၆၁။      ယင်းအက္ခရာတို့သည် မူလက အခြားစာလုံးများကဲ့သို့ ဗျည်း၊ သရ၊ အသတ်ဗျည်းတို့ဖြင့် ပေါင်းစပ်သော သာမန် စာလုံးများပင် ဖြစ်ကြသည်။ သို့သော် စာလုံးအစိတ်အပိုင်းအချို့ကို ချုံး၍၊ အချို့ကို သကေင်္တပြု၍ ပေါင်းရာမှ ကာလကြာညောင်းသောအခါ မူလ ဗျည်း၊ သရ၊ အသတ်ဗျည်းတို့၏ ပုံသဏ္ဌာန်များ ယွင်းဖောက်ပျောက်ကွယ်ပြီး ဣ၊ ဤ၊ ဥ၊ ဦ စသော အက္ခရာများကဲ့သို့ ပင်ကိုပုံသဏ္ဌာန် တစ်ခုရှိသော စာလုံးများ ဖြစ်လာခဲ့ကြသည်။ ထိုသို့ ဖြစ်လာခြင်းကြောင့် ၎င်းတို့ကိုလည်း အမည်ရှေ့တွင် အက္ခရာတပ်၍ အက္ခရာ ၏၊ အက္ခရာ ၍၊ အက္ခရာ ၌ ဟု ခေါ်ဝေါ်ကြသည်။ ၎င်းတို့မှာ ဧယ်အ၊ ရုယ်အ နှိုက်တို့၏ သကေင်္တစာလုံးများ ဖြစ်ကြသည်။

၆၂။      အက္ခရာ ၏။     ။ အက္ခရာ ၏ နှင့် စပ်လျဉ်း၍ ပညာရှင်အချို့က ယင်းစာလုံးသည် ပုဂံခေတ် ဧအ် () မှ တိုက်ရိုက် ဆင်းသက် ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ ပညာရှင် အချို့ကမူ ပုဂံကျောက်စာခေတ်ဦးက ဧအ် ရေးသည်မှန်သော်လည်း နောက်ပိုင်းတွင် ဧယ်၊ ဧယ်အ သို့ ရေးထုံးရွေ့လျောသည်။ ဧယ် ၏ သကေင်္တအဖြစ် () ကို သုံးခဲ့သည်။ ယင်းကမှ ယနေ့ ၏ သဏ္ဌာန်သို့ ပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။

၆၃။      ပုဂံကျောက်စာခေတ်ဦးတွင် ၏ ကို ဧ၊ ဧအ်၊ ယေ၊ ယေအ် ဟူ၍ ရေးကြသည်။ နောက်တစ်ဆင့်တွင် သကေင်္တပြု၍  ၊  ဟု ရေးကြသည်။  သည် အက္ခရာ ဧ ယသတ် (ဧယ်) ၏ သကေင်္တ ဖြစ်သည်။  ကို မွန်တို့ကလည်း အက္ခရာ ဧ ယသတ် (ဧယ်) ၏ သကေင်္တအဖြစ် သုံးကြောင်း အလယ်ခေတ် မွန်ကျောက်စာများတွင် ခိုင်လုံစွာ တွေ့ရသည်။ ယင်း  တွင် အသတ်တင်ခြင်းသည် အ သတ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့်  သည် အက္ခရာ ဧ ယသတ် အသတ် (ဧယ်အ်) သို့မဟုတ် (ဧယ်အ) ၏ သကေင်္တ ဖြစ်သည်။ ကျောက်စာများတွင်  အစား  ၊  ဟုလည်း ရေးကြသည်။  မှ ယနေ့ အက္ခရာ ၏ သို့ အဆင့်ဆင့် ပြောင်းလဲလာပုံကို ကျောက်စာ၊ မင်စာများတွင် ကွင်းဆက်မပြတ် တွေ့မြင်နိုင်သည်။

၆၄။      အက္ခရာ ၍။     ။ အက္ခရာ ၍ နှင့် စပ်လျဉ်း၍မူ ရှေးကျောက်စာများတွင် ရုယ်အ ဟု ရေးရာမှ ယနေ့ အက္ခရာ ၍ ပုံသဏ္ဌာန်သို့ အဆင့်ဆင့် ပြောင်းလဲလာပုံကို တွေ့နိုင်သည်။ ထို့ကြောင့် ပညာရှင်အများကလည်း ယင်းသို့ ပြောင်းလဲလာသည်ဟုပင် ယူဆကြသည်။

၆၅။     အက္ခရာ ၌။     ။ အက္ခရာ ၌ သည် နှိုက်ကို အတိုချုံးရေးရာမှ ဖြစ်ပေါ်လာသည်။ နငယ်ဟထိုးတွင် အသတ်တင်လိုက်လျှင် အက္ခရာ ၌ နှင့် အလွန်နီးစပ်သော သဏ္ဌာန်ကို ရသည်။ ယင်းကမှ အက္ခရာ ၌ ဖြစ်လာကြောင်း သက္ကရာဇ် ၁၁ဝဝ ခန့်က ခေါင်းလောင်းစာများ၌ တွေ့ရသည်။ ယင်းသို့ သကေင်္တပြုရာတွင် တစ်ချောင်းငင်၊ လုံးကြီးတင်၊ ကအက္ခရာတို့ ကျေခဲ့ကြောင်း တွေ့ရသည်။ အရပ်ရပ် အထောက်အထားများအရ သက္ကရာဇ် ၈ဝဝ နှင့် ၁ဝဝဝ  အတွင်း ပေစာ၊ ပုရပိုက်စာများတွင် နှိုက်ကို အတိုချုံးရေးသားရာမှ ဆင်းသက် ပေါ်ပေါက်လာသည်ဟု ယူဆရန် ရှိပေသည်။