မြန်မာအက္ခရာသမိုင်း

၁။        မြန်မာအရေးအသား ပေါ်ပေါက်ဖြစ်ထွန်းပုံကို စူးစမ်းလေ့လာခဲ့ကြသော သုတေသီ အားလုံး ကပင် မြန်မာအရေးအသား၊ မြန်မာအက္ခရာသည် ခရစ်တော်မပေါ်မီ ဘီစီ ၅၀၀ ခန့်မှ အေဒီ ၃၀၀ ကျော် အထိ အိန္ဒိယဒေသတွင် ထွန်းကားခဲ့သည့် ဗြာဟ္မီအရေးအသား၌ မြစ်ဖျားခံသည်ဟု လက်ခံကြသည်။

၂။        မြန်မာအရေးအသားစနစ်သည် ဗြာဟ္မီအရေးအသားစနစ်ကဲ့သို့ပင် ဗျည်းအက္ခရာများ၊ ဗျည်းတွဲ သင်္ကေတများ၊ သရအက္ခရာများ၊ သရ သင်္ကေတများ၊ နိဂ္ဂဟိတ် (သေးသေးတင်)၊ ဝိသဇ္ဇနီ (၀စ္စပေါက်) သင်္ကေတများဟူသော ပစ္စည်းအဆောက်အဦများဖြင့် တည်ဆောက်သည့် အရေး အသားစနစ် ဖြစ်သည်။ ဗြာဟ္မီအရေးအသားကို အသုံးပြုသည့် အခြားဘာသာစကားများနှင့် မြန်မာဘာသာစကားတို့၏ ခြားနားမှုများကြောင့် ဗျည်းအရေအတွက်၊ သရအရေအတွက်၊ သင်္ကေတအမျိုးအမည်နှင့် အရေအတွက် အနည်းငယ် ကွာခြားမှု ရှိစေကာမူ မြန်မာ အရေးအသား စနစ်သည် ဗြာဟ္မီအရေးအသားစနစ်နှင့် အခြေခံအားဖြင့် တူညီသည်။

၃။        ဗြာဟ္မီဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန်များ ခေတ်အဆက်ဆက် ပြောင်းလဲ ပုံကို ခြေရာခံကြည့်သည့်အခါတွင်လည်း မြန်မာဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာ၊ သရသင်္ကေတ၊ နိဂ္ဂဟိတ်၊ ဝိသဇ္ဇနီတို့၏ ပုံသဏ္ဌာန် များနှင့် ဆက်နွှယ်နေသည်ကို အထင်အရှား တွေ့နိုင်ပေသည်။

၄။        ယင်းသို့ ပစ္စည်းအဆောက်အဦအားဖြင့်လည်းကောင်း၊ အက္ခရာ ပုံသဏ္ဌာန်အားဖြင့်လည်းကောင်း တူညီ ဆက်နွှယ်မှုရှိခြင်းကြောင့် မြန်မာ အရေးအသားသည် ဗြာဟ္မီအရေးအသား၌ မြစ်ဖျားခံသည်ဟူသော အချက်မှာ အငြင်းပွားဖွယ် မရှိပေ။

ဗြာဟ္မီမှ ဆင့်ကဲဖြစ်ထွန်းလာသော အရေးအသားများ

၅။        ဗြာဟ္မီ အရေးအသားကို ဘီစီ ၅ ရာစုခန့်က စတင် တွေ့ရသည်။ ၎င်းသည် ဘီစီ ၃ ရာစုအတွင်း အသောကမင်းလက်ထက်တွင် အိန္ဒိယ တစ်ခွင်တစ်ပြင်၌ ပျံ့နှံ့ထွန်းကားခဲ့သည်။

၆။        အသောကမင်းတည်ထောင်သော မောရိယနိုင်ငံကြီး ပျက်စီးပြီးနောက် အိန္ဒိယမြောက်ပိုင်းတွင် ကုသျှာနမင်းဆက်၊ ထို့နောက် ဂုပ္တမင်းဆက်တို့ ပေါ်ပေါက်ကြီးစိုးခဲ့သည်။ ယင်းမင်းများလက်ထက် ဗြာဟ္မီအက္ခရာသည် တစ်စတစ်စ ပုံသဏ္ဌာန် ပြောင်းလဲလာသည်။ မင်းများကို အစွဲပြု၍ ယင်းတို့လက်ထက် အရေးအသားများကို ကုသျှာနအရေးအသား၊ ဂုပ္တအရေးအသားဟု ခေါ်တွင်ခဲ့ကြသည်။ ထိုမှတစ်ဖန် အကောက်အကွေ့များသော ကုဋိလအရေးအသား၊ နာဂစာ၊ မြို့သုံးစာဟု ဆိုကြသော နာဂရီ အရေးအသား၊ ရှင်းလင်းသော သျှရဒါ အရေးအသား၊ ဗင်္ဂလာဒေသ တစ်ခွင်တွင် သုံးသော ဗင်္ဂါလီအရေးအသားများ ဒေသအလိုက်၊ ခေတ်အလိုက် ဆင့်ပွားဖြစ်ထွန်းလာသည်။ ယင်းအရေးအသားအက္ခရာတို့သည် ကာလဒေသ အလိုက် ပုံသဏ္ဌာန်အားဖြင့် တစ်စတစ်စ ခြားနားကွဲပြားလာခဲ့ကြသည်။

၇။        အိန္ဒိယတောင်ပိုင်းတွင်မူ မောရိယနိုင်ငံကြီး ပျက်စီးပြီးနောက် အန္ဓြမင်းဆက် ပေါ်ပေါက်ခဲ့သည်။ ထို့နောက် ပလ္လ၀မင်းဆက်၊ ကဒမ္ဗမင်းဆက်၊ စာလုကျမင်းဆက်၊ ရဋ္ဌကူဋမင်းဆက်၊ စောဠမင်းဆက် စသည်တို့ ပေါ်ပေါက်ခဲ့သည်။ ယင်းမင်းများအုပ်စိုးရာ ခေတ်တစ်လျှောက်၊ အနောက် ဘက် ဒေသတွင် ထွန်းကားသည့် ပစ္ဆိမီအရေးအသား၊ အလယ်ပိုင်းဒေသတွင် ထွန်းကားသည့် မဓျပြဒေသျှီအရေးအသား၊ တောင်ဘက်ပိုင်းတွင် ထွန်းကားသော ကဒမ္ဗ၊ စာလုကျ၊ ရဋ္ဌကူဋ စသည်တို့ အကျုံး၀င်သည့် တေလုဂူဒေသ၊ ကနဍီဒေသတို့တွင် သုံးသော တေလုဂူ ကနဍီ အရေးအသား၊ ကျမ်းဂန်သုံး ဂြန္ထအရေးအသား၊ တမီလအရပ်ဒေသသုံး တမီလအရေးအသား စသည့် အရေးအသားများ ဗြာဟ္မီမှ ဆင့်ပွား ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည်။

၈။        ဗြာဟ္မီမှဆင်းသက်ဖြစ်ထွန်းလာသော ယင်းအိန္ဒိယဒေသ အရေးအသား အက္ခရာတို့သည် အေဒီ ၁ ရာစုမှ ၈ ရာစုအတွင်း တိဗက်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ အင်ဒိုနီးရှား စသည့် ဒေသများသို့ အိန္ဒိယအယူဝါဒ၊ ယဉ်ကျေးမှုများနှင့်အတူ ပျံ့နှံ့ရောက်ရှိပြီး ယင်းဒေသများတွင် တိုင်းရင်းအရေးအသား အက္ခရာများ ဖြစ်ထွန်းမှုအတွက် အထောက်အပံ့ပြုခဲ့ပေသည်။

မြန်မာဒေသသို့ အိန္ဒိယဒေသမှ အရေးအသားများ ပျံ့နှံ့ ရောက်ရှိခြင်း

၉။        အိန္ဒိယဒေသတွင်ဗြာဟ္မီအရေးအသားမှ ဗြာဟ္မီပွား အရေးအသားများသို့ တစ်စတစ်စ ကူးပြောင်းခဲ့သည့် အေဒီ ၁ ရာစုမှ ၁၂ ရာစု ကာလအတွင်း မြန်မာဒေသတွင် ပျူ၊ မြန်မာ၊ မွန်၊ ရခိုင်တို့၏ မြို့ပြနိုင်ငံများ ထွန်းကားခဲ့သည်။ ယင်းနိုင်ငံများသည် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ နိုင်ငံများနှင့် ကူးလူး ဆက်ဆံခဲ့ကြသည်။ အထူးသဖြင့် အနောက်ဘက်ရှိ အိန္ဒိယနှင့် ကုန်းလမ်း၊ ရေလမ်းအားဖြင့် အဆက်အဆံရှိခဲ့ကြသည်။ ယင်းဆက်ဆံမှုများကြောင့် ဗုဒ္ဓသာသနာသည် မြန်မာဒေသသို့ အလွန်စောစောကပင် ရောက်ခဲ့သည်။ ဗြာဟ္မီ အရေးအသားမှစ၍ ဗြာဟ္မီပွား အရေးအသား များသည်လည်း သူ့ခေတ်နှင့်သူ မြန်မာဒေသသို့ ရောက်ရှိခဲ့ကြပေသည်။ မြန်မာဒေသရှိ ထိုခေတ် တိုင်းရင်းသားများသည် ယင်းအရေးအသား အက္ခရာများဖြင့် ဘုရားဟော ပါဠိကျမ်းဂန် ကောက်နုတ်ချက်များကို ကမ္ပည်းထိုး၍ လေ့လာပွားများခြင်း၊ အလှူကောင်းမှု မှတ်တမ်းများကို သက္ကတဘာသာဖြင့် ကမ္ပည်းထိုး မှတ်တမ်းတင်ခြင်း ပြုခဲ့ကြသည်။ ထိုမှတစ်ဆင့် မိမိတို့၏ တိုင်းရင်း ဘာသာစကားကို အက္ခရာတင်ရန် အခြေအနေ ပေးလာသည့်အခါ မိမိတို့နှင့် ရင်းနှီးပြီးဖြစ်သည့် ခေတ်သုံး ဗြာဟ္မီပွားအက္ခရာတို့ကို အခြေပြု၍ မိမိတို့ ဘာသာစကား၏ အသံထွက်နှင့် အနီးစပ်ဆုံး ကိုက်ညီအောင် ဗျည်း၊ သရ၊ သင်္ကေတတို့ကို ညှိနှိုင်းပြုပြင် တီထွင်ခဲ့ကြသည်။

အေဒီ ၆ ရာစုအတွင်း မြန်မာဒေသတွင် တွေ့ရသော  အရေးအသားများ

၁၀။      အေဒီ ၆ ရာစုအတွင်း မြန်မာဒေသ၌ တွေ့ရသော အရေးအသားများမှာ ရခိုင်ဝေသာလီ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ကျောက်စာ စသည်တို့နှင့် ဟန်လင်း ပျူကျောက်စာ၊ သရေခေတ္တရာ တစ်ဝိုက်မှ ပျူအက္ခရာဖြင့် ရေးထိုးသည့် ပါဠိဘာသာ ရွှေပေစာ၊ ငွေပေစာ၊ ပျူဘာသာ အရိုးအိုး ကျောက်စာ၊ သက္ကတ-ပျူ နှစ်ဘာသာ ဆင်းတုပလ္လင်ပတ်လည်စာ စသည်များ ဖြစ်ကြသည်။

၁၁။      ရခိုင်ပြည်နယ်မှ စာများ။     ။ ရခိုင်ဝေသာလီတွင် အေဒီ ၄ ရာစုမှ ၆ ရာစုအထိ တွေ့ရသော ရှေးဟောင်းစာများမှာ သက္ကတ သို့မဟုတ် ပါဠိသက္ကတရောသော စာများဖြစ်ကြသည်။ အက္ခရာပုံသဏ္ဌာန်အားဖြင့် ဗြာဟ္မီမှ ဆင်းသက်လာသော ဂုပ္တအက္ခရာနှင့် အသွင်တူသည်။

၁၂။      ပျူစာများ။     ။ မြန်မာပြည် ဧရာ၀တီမြစ်ဝှမ်း၌ အေဒီ ၄ ရာစုမှ ၆ ရာစုအထိ တွေ့ရသော စာများမှာ ပျူအက္ခရာ၊ ပျူဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာများ (ဟန်လင်း ပျူကျောက်စာ စသည်)၊ ပျူအက္ခရာဖြင့် ရေးထိုးသည့် ဘုရားဟောကျမ်းဂန် ကောက်နုတ်ချက် ရွှေပေချပ်များ။ ပျူ-သက္ကတနှစ်ဘာသာရောရာ ကျောက်စာ စသည်တို့ ဖြစ်ကြသည်။

၁၃။      ပျူလူမျိုးတို့သည် အေဒီ ၁ ရာစုခန့်ကပင် မြို့ပြနိုင်ငံ တည်ထောင်နေထိုင်လာကြသူများဖြစ်ပြီး အေဒီ ၄ ရာစုခန့်တွင် ယဉ်ကျေးမှု မြင့်မားသော အဆင့်သို့ ရောက်ရှိခဲ့ကြသည်။ ပျူတို့သည် အိန္ဒိယဒေသမှ ဘာသာစာပေတို့နှင့် အကျွမ်း၀င်ခဲ့ရုံမက ယင်းစာပေ အက္ခရာတို့ကို အခြေခံ၍ မိမိတို့ တိုင်းရင်း ပျူဘာသာစကားအတွက် စာပေအက္ခရာ တီထွင်နိုင်ခဲ့သည်။

၁၄။      အေဒီ ၄ ရာစုခန့် ပျူအရေးအသား အထောက်အထားများအရ ပျူစာအရေးအသားကို အေဒီ ၃-၄ ရာစုခန့်က စတင် တီထွင်ခဲ့သည်ဟု ခန့်မှန်းရသည်။ ယင်းရှေးဟောင်း ပျူအရေးအသား အက္ခရာတို့သည် အိန္ဒိယတောင်ပိုင်းမှ ကဒမ္ဗအက္ခရာနှင့် များစွာတူသည်။ ထို့ကြောင့် ရှေးဟောင်း အက္ခရာသုတေသီများက ပျူတို့သည် ကဒမ္ဗအက္ခရာကို အခြေခံ၍ ပျူအရေးအသားကို တီထွင်ခဲ့သည်ဟု ယူဆထားကြသည်။ ပျူတို့သည် အိန္ဒိယ တောင်ပိုင်း ကဒမ္ဗအက္ခရာကို အခြေခံအဖြစ် လက်ခံ အသုံးပြုသော်လည်း ဂုပ္တအက္ခရာတို့နှင့်လည်း ရင်းနှီးကျွမ်း၀င်မှု ရှိကြောင်း ပျူ-သက္ကတ နှစ်ဘာသာ အရေးအသားအချို့၌ တွေ့ရသည်။ ဇဂ္ဂယျာပေဋအက္ခရာရေးဆွဲသကဲ့သို့ အက္ခရာသင်္ကေတတို့ကို အောက်အထက် ရှည်လျားစွာ ရေးဆွဲခြင်းမျိုးကိုလည်း ပျူကျောက်စာအတော်များများ၌ တွေ့ရသည်။ ဤအချက်များက ပျူစာ ပျူအက္ခရာသည် ကဒမ္ဗအရေးအသား အက္ခရာကို အခြေပြုစေကာမူ အိန္ဒိယဒေသရှိ ခေတ်ပြိုင် အက္ခရာတို့နှင့်လည်း မကင်းကြောင်း ဖော်ပြနေသည်။

အေဒီ ၆ ရာစုမှ ၁၂ ရာစုအထိ တွေ့ရသော အရေးအသားများ

၁၅။      ဤရာစုများအတွင်း မြန်မာနိုင်ငံ၌ တွေ့ရသော အရေးအသားများမှာ ရခိုငေ်၀သာလီမှ သက္ကတကျောက်စာအချို့၊ မြန်မာပြည်အရပ်ရပ်မှ ပျူကျောက်စာများ၊ မွန်ကျောက်စာများနှင့် မြန်မာကျောက်စာတို့ ဖြစ်ကြသည်။

၁၆။      ရခိုင်ဝေသာလီ။            ။ ဤခေတ်ပိုင်းတွင် ရခိုင်ဝေသာလီ၌ အာနန္ဒစန္ဒြကျောက်စာစသည့် ကျောက်စာအချို့ တွေ့ရသည်။ ကျောက်စာများမှာ ဂုပ္တအက္ခရာမှ ဆင်းသက်သည့် နာဂရီအက္ခရာဖြင့် ရေးထိုးသည့် သက္ကတ ကျောက်စာများ ဖြစ်ပေသည်။ ဝေသာလီခေတ်သည် အေဒီ ၉၀၀ ခန့်အထိ ထွန်းကားခဲ့သည်ဟု ဆိုသည်။ သို့သော် အေဒီ ၈၀၀ နောက်ပိုင်း ကျောက်စာအတွေ့ရ နည်းသွားသည်။

၁၇။      ပျူစာ။     ။ ပျူ မြို့ပြနိုင်ငံများသည် အေဒီ ၉-၁၀ ရာစုအထိ မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည်ဟု သမိုင်းသုတေသီတို့က ယူဆကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ပျူကျောက်စာများကို တွေ့ရသည်။ သို့သော် ယင်းကျောက်စာများတွင် ခုနှစ်သက္ကရာဇ် မပါခြင်း၊ အချို့မှာ ဖတ်မရလောက်အောင် မှေးမှိန်နေခြင်းတို့ကြောင့် ပျူကျောက်စာများကို ခု၊ နှစ် ပိုင်းခြား၍ ပြောဆိုရန် အခက်အခဲရှိပေသည်။ အက္ခရာ ပုံသဏ္ဌာန်ကို မူတည်၍သာ ခေတ်ကို ရာစုအလိုက် ခန့်မှန်းပြောဆိုကြရပေသည်။ သို့သော် ၁၂ ရာစုအစ၌ ရေးထိုးသည့် ရာဇကုမာရ်ကျောက်စာ (ပျူဘာသာ) အရလည်းကောင်း၊ ကျန်စစ်သားမင်းလက်ထက် ရေးထိုးသည့် ပျူအုတ်ခွက်စာအရလည်းကောင်း ပျူစာကို ၁၁ ရာစုအကုန် ၁၂ ရာစု အစဦးတိုင်အောင် ရေးသားအသုံးပြုလျက်ရှိကြောင်း အခိုင်အမာ သိရပေသည်။

၁၈။      မွန်စာ။    ။ မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရသည့် မွန်အရေးအသားမှာ ကျိုက်ဒေးအပ်စေတီ ဌာပနာတိုက်မှရသည့် ယေဓမ္မာအစချီ ပါဠိဘာသာ အုတ်ခွက်စာဖြစ်သည်။ ယင်းစာ၏ အက္ခရာပုံကို ထောက်၍ အေဒီ ၇ ရာစု အရေးအသားဟု ခန့်မှန်းကြသည်။ သထုံမြို့တွင် တွေ့ရသည့် တြာပ်ကျောက်စာ၊ ပဏ္ဍိတ်ကျောက်စာ စသည်တို့မှာ မွန်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာများ ဖြစ်သည်။ သို့သော် သက္ကရာဇ် မတွေ့ရသောကြောင့် အက္ခရာပုံအရ အေဒီ ၁၀-၁၁ ရာစုဟု ခန့်မှန်းကြသည်။ အေဒီ ၁၁ ရာစု အနော်ရထာမင်းလက်ထက်မှစ၍ ၁၂ ရာစု အလောင်းစည်သူမင်းလက်ထက်တိုင်အောင် မွန်ကျောက်စာ၊ မွန်အုတ်ခွက်စာ၊ မွန်စဉ့်ကွင်းစာ၊ မွန်မင်စာတို့ကို မြန်မာပြည်နေရာ အတော်များများ၌ တွေ့ရသည်။ ရွှေစည်းခုံ မွန်ကျောက်စာခေါ် ကျန်စစ်သားမင်းကျောက်စာ၊ မြကန်မွန်ကျောက်စာနှင့် ရာဇကုမာရ် မွန်ကျောက်စာတို့မှာ ကျော်ကြားလှပေသည်။

၁၉။      မွန်စာအရေးအသား၏ အစကို ခြေရာကောက်ရာတွင် မြန်မာနိုင်ငံတစ်၀န်း တွေ့ရသည့် အထောက်အထားများဖြင့် မလုံလောက်ချေ။ မွန်တို့သည် ခရစ်နှစ်အစလောက်ကပင် အရှေ့တောင်အာရှဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ခဲ့ကြသည်။ ယင်းတို့ နေထိုင်ခဲ့ရာ ထိုင်းနိုင်ငံ ဒွါရာ၀တီတွင် မွန်အက္ခရာ မွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာများကို တွေ့ရသည်။ ယင်းကျောက်စာများမှာ အေဒီ ၇ ရာစုဟု ခန့်မှန်းသည့် ပရပထုံကျောက်စာနှင့် အေဒီ ၈-၉ ရာစုဟု ခန့်မှန်းသည့် လော့ဗူရီကျောက်စာတို့ ဖြစ်ကြသည်။ ယင်းကျောက်စာတို့၏ ဗျည်းသရအက္ခရာများ ရေးဆွဲပုံနှင့် စာလုံးပေါင်းကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံ သထုံတွင် တွေ့ရသည့် အေဒီ ၁၀-၁၁ ရာစု ကျောက်စာများထက် ရာစု ၃ ခုခန့် စောမည်ဟု ခန့်မှန်းနိုင်သည်။ ယင်းအရေးအသားများကို ကျိုက်ဒေးအပ်မှ ယေဓမ္မာအစချီ အုတ်ခွက်စာအရေးအသားနှင့် နှိုင်းယှဉ်နိုင်သည်။ ပျူအက္ခရာအရေးအသားနှင့်လည်း နှိုင်းယှဉ်နိုင်သည်။ ယင်းအထောက်အထားများအရ မွန်စာအရေးအသားသည် အေဒီ ၅-၆ ရာစုခန့်တွင် ပေါ်ပေါက်မည်ဟု ခန့်မှန်းနိုင်သည်။ ရှေးအကျဆုံး မွန်ကျောက်စာများသည် ကမ္ဘောဒီးယားရှိ သက္ကတဘာသာနှင့် ရေးထိုးသည့် တာကဗ်ကျောက်စာ၊ လောင်ကော၀တ်ကျောက်စာတို့နှင့် အက္ခရာရေးဆွဲပုံတူကြောင်း ရှေးဟောင်းကျောက်စာ သုတေသီတို့က ပြဆိုခဲ့ကြသည်။ ဤအထောက် အထားများအရ မွန်တို့သည် တိုင်းရင်းစာပေ မတီထွင်မီက ပါဠိသက္ကတစာပေများ၊ ယင်းစာပေများ ရေးရာတွင် သုံးသည့် အိန္ဒိယဒေသအက္ခရာများနှင့် အကျွမ်းတ၀င်ရှိခဲ့သည်ဟု ယူဆရပေသည်။ ယင်းရှေးအကျဆုံး မွန်အရေးအသားနှင့် အက္ခရာများ၊ ကမ္ဘောဒီးယားကျောက်စာတို့၏ အက္ခရာများသည် အိန္ဒိယတောင်ပိုင်းမှ အေဒီ ၄ ရာစု ပလ္လ၀အက္ခရာနှင့် တူသည်။ ထို့ကြောင့် ရှေးဟောင်း အက္ခရာသုတေသီတို့က မွန်တို့သည် အိန္ဒိယတောင်ပိုင်း ပလ္လ၀အက္ခရာကို အခြေခံ၍ မွန်အရေးအသားကို တီထွင်ခဲ့သည်ဟု ယူဆထားကြသည်။ မွန်တို့သည် ပလ္လ၀အက္ခရာကို အခြေခံအဖြစ် လက်ခံ အသုံးပြုသော်လည်း မိမိတို့ဘာသာစကားနှင့် ညှိ၍ ဗျည်းသစ်အချို့ကို တီထွင်ခဲ့ကြသည်။ ပလ္လ၀အရေးအသားတွင် မတွေ့ရဘဲ စာလုကျ၊ ၀လဘီ စသည့် အခြား အိန္ဒိယတောင်ပိုင်း အက္ခရာအချို့တွင် တွေ့ရသည့် အသတ် သင်္ကေတမျိုးကို မွန်တို့ လက်ခံခဲ့ကြသည်။ ဤအချက်များက မွန်စာ မွန်အက္ခရာသည် ပလ္လ၀အရေးအသားကို အခြေပြုသော်လည်း  အိန္ဒိယ ဒေသရှိ ခေတ်ပြိုင်အက္ခရာတို့နှင့်လည်း မကင်းကြောင်း ဖော်ပြနေသည်။

၂၀။      မြန်မာစာ။     ။ တွေ့ရှိသမျှ မြန်မာစာအရေးအသားတို့တွင် ပုဂံခေတ် အေဒီ ၁၁-၁၂ ရာစုအတွင်း တွေ့ရသည့် အရေးအသားများမှာ အစောဆုံးဖြစ်သည်။ ရာဇကုမာရ်ကျောက်စာ ရေးထိုးချိန်မှာ သက္ကရာဇ် ၄၇၅ ခန့်၊ အေဒီ ၁၁၁၃ ခန့် ဖြစ်၍ အေဒီ ၁၂ ရာစု၏ အစပိုင်း ဖြစ်ပေသည်။ ထို့ထက်စောသော မြန်မာစာအရေးအသားတို့လည်း ရှိသေး၏။ ကျန်စစ်သားမင်း၏ မြကန်မွန်ကျောက်စာတွင် ကန်၏ အမည်ကို ‘မဟာနိဗ္ဗာန်လက်ဆုယ်ခိရိယ်’ (မဟာနိဗ္ဗာန်လက်ဆွဲချီရေ)ဟု မြန်မာစာညှပ်၍ ရေးထိုးခဲ့သည်ကို တွေ့ရသည်။ ယင်းအမည်ကို ကမ္ပည်း အက္ခရာ ရေးထိုးချိန်သည် ရာဇကုမာရ်ကျောက်စာထိုးချိန်ထက် စောသည်။ ခုနှစ် သက္ကရာဇ် မပါသော်လည်း အက္ခရာရေးဆွဲပုံ၊ စာလုံးပေါင်းပုံအရ သက်စိုးတောင် ပေါ်တော်မူဘုရားကျောက်စာသည်လည်း ရာဇကုမာရ်ကျောက်စာထက် အနှစ် ၅၀ ခန့် စောသည်ဟု ကျောက်စာပညာရှင်တို့ ယူဆကြပေသည်။ ပုဂံခေတ်က အနော်ရထာမင်းလက်ထက်မှ အလောင်းစည်သူမင်းလက်ထက်အထိ အုတ်ခွက်ဘုရား ပြုလုပ် ပူဇော်ခြင်း အလေ့အထ ခေတ်စားလေသည်။ ကုသိုလ်ရှင်တို့က မိမိတို့ ကောင်းမှုအကြောင်းကို ပါဠိ၊ မွန်၊ ပျူ၊ မြန်မာ နှစ်သက်ရာ ဘာသာ တစ်ခုခုဖြင့် စာအနည်းငယ်စီ ရေးထိုးလေ့ရှိသည်။ ယင်းအုတ်ခွက်စာများအနက် ပုဂံဦးချစ်စ၏ ယာတွင်းမှရသည့် မြန်မာကမ္ပည်းအက္ခရာ အုတ်ခွက်စာများသည် အက္ခရာ ရေးဆွဲပုံနှင့် စာလုံးပေါင်းပုံအရ အလွန်ရှေးကျသော အုတ်ခွက်စာများဟု ပညာရှင်တို့ ယူဆကြသည်။ ယင်းအထောက်အထားများအရ မြန်မာစာသည် ၁၁ ရာစုတွင် အခိုင်အမာ ပေါ်ပေါက်နေပြီဟု ဆိုနိုင်သည်။

၂၁။      ပျူမြို့ပြနိုင်ငံများ ထွန်းကားခြင်းနှင့် ပျူစာထွန်းကားမှု၊ မွန်မြို့ပြနိုင်ငံများ ထွန်းကားခြင်းနှင့် မွန်စာထွန်းကားမှု ဆက်စပ်လျက် ရှိသကဲ့သို့ မြန်မာတို့၏ ပုဂံနိုင်ငံထွန်းကားခြင်းနှင့် မြန်မာစာထွန်းကားမှုသည်လည်း ဆက်စပ်လျက်ရှိပေသည်။ ပုဂံနိုင်ငံသည် ရှေးမဆွကပင် ရှိခဲ့သော်လည်း အနော်ရထာဘုရင်လက်ထက် ၁၁ ရာစုတွင်မှ ပိုမို ထွန်းကားလာခဲ့ပေသည်။ မြန်မာတို့သည် မြန်မာစာ မထွန်းကားမီက သက္ကတ၊ ပါဠိစာပေများနှင့် လည်းကောင်း၊ ပျူစာပေ၊ မွန်စာပေများနှင့်လည်းကောင်း ထိတွေ့ ရင်းနှီးပြီးဖြစ်ကြသည်။ အက္ခရာအားဖြင့် အေဒီ ၁၀-၁၁ ရာစု နာဂရီအက္ခရာ၊ ပျူအက္ခရာ၊ မွန်အက္ခရာတို့နှင့် အကျွမ်း၀င်လျက်ရှိကြသည်။ ပျူအက္ခရာနှင့် မွန်အက္ခရာသည် ဗြာဟ္မီအက္ခရာမှ ဆင်းသက်ပေါက်ပွားသည့် အိန္ဒိယ အက္ခရာများကို အခြေပြုခဲ့ကြသည့်အလျောက် ရှေးဦးမွန်အက္ခရာနှင့် ပျူအက္ခရာတို့ များစွာ ဆင်တူကြ၏။ ၁၀-၁၁ ရာစု မွန်အက္ခရာသည် ယင်းခေတ်ပျူအက္ခရာနှင့် နှိုင်းစာသော် ပုံသဏ္ဌာန် အလွန်ရှင်းလင်းသည်။ ထို့ကြောင့် မြန်မာစာအရေးအသား တီထွင်ရန် အကြောင်း တိုက်ဆိုင်လာသောအခါ အရေးခက်ခဲသော နာဂရီအက္ခရာနှင့် ပျူအက္ခရာတို့ကို မသုံးဘဲ ရှင်းလင်းလွယ်ကူသော မွန်အက္ခရာနှင့် သင်္ကေတများကို သုံးခဲ့ကြပေသည်။ ဤသို့ဖြင့် ပုဂံခေတ်မှစ၍ မြန်မာအက္ခရာ၊ သင်္ကေတတို့သည် မွန်အက္ခရာ၊ သင်္ကေတတို့နှင့် ပုံသဏ္ဌာန်ချင်း တူခဲ့ကြသည်။

၂၂။      မြန်မာစာကို တီထွင်ခဲ့ကြသူများသည် သက္ကတအရေးအသား၊ ပါဠိအရေးအသား၊ ပျူအရေးအသား၊ မွန်အရေးအသားတို့မှ မြန်မာ ဘာသာ စကားအတွက် လိုအပ်သည်တို့ကို ယူ၍ မလိုအပ်သည်တို့ကို ပယ်ခဲ့ကြသည်။ မြန်မာဘာသာ၌ အသုံးမရှိသဖြင့် သက္ကတဘာသာ၌ သုံးသည့် ူ ဗျည်းဂ၊ ြ ဗျည်းဂ၊ မွန်ဘာသာ၌ သုံးသည့် $ ဗျည်း၊  ဗျည်းတို့ကို ပယ်ခဲ့သည်။ ဋ၊ ဌ၊ ဍ စသည့် ဗျည်းတို့ကိုမူ မြန်မာစာ၌ အသုံးမတွင်စေကာမူ မြန်မာစာတတ်က ပါဠိစာပေသင်အံရန် မခက်ခဲအောင် သိမ်းသွင်းထားခဲ့သည်။ ပါဠိဘာသာ၊ မွန်ဘာသာတို့၌ မရှိသည့် သေ0xdk; ရေးချရှေ့ထိုး (ေ – ာ်) သင်္ကေတ၊ အောက်မြစ် သင်္ကေတ၊ အက္ခရာ ၏၊ အက္ခရာ ၍၊ အက္ခရာ ၌ စသည်တို့ကို တီထွင်ဖန်တီးခဲ့သည်။ ဤသို့ဖြင့် ဗြာဟ္မီကို မြစ်ဖျားခံသော မွန်အက္ခရာနှင့် ပုံသဏ္ဌာန်တူ၍ ပါဠိ၊ သက္ကတ၊ မွန်တို့နှင့် နှီးနွှယ်သော်လည်း မြန်မာဟန် မြန်မာမှုဖြစ်အောင် တီထွင်ခဲ့သော မြန်မာစာ အရေးအသားသည် ပုဂံခေတ်မှစ၍ ထွန်းကား ပေါ်ပေါက်ခဲ့သည်။

[မှတ်ချက်။       ။ ရှေးဟောင်းကျောက်စာအချို့၌ ူ နှင့် ြ ကို အနည်းအကျဉ်း တွေ့ရသည်။ သို့သော် တွင်ကျယ်ခြင်း မရှိပေ။]

၁၂ ရာစုနောက်ပိုင်း အရေးအသားများ

၂၃။      ပျူစာ။     ။ ၁၂ ရာစု အစပိုင်း ရာဇကုမာရ်ကျောက်စာတွင် ပျူအရေးအသား တွေ့ရပြီးနောက် ပျူအရေးအသား ထပ်မံ မတွေ့ရတော့ချေ။

၂၄။      မွန်စာ။    ။ ၁၂ ရာစု နှောင်းပိုင်းမှစ၍ မွန်ကျောက်စာများ တိမ်ကောသွားသည်။ သို့သော် မွန်စာသည် မြန်မာနိုင်ငံအောက်ပိုင်းတွင် ဆက်လက်ရှင်သန်လျက်ရှိသည်။ အေဒီ ၁၅ ရာစုတွင် ဟံသာ၀တီတစ်ဝိုက်၌ အလယ်ခေတ် မွန်ကျောက်စာများကို တွေ့ရပြန်သည်။ ထိုမှသည် ယနေ့တိုင် မွန်ပြည်နယ်တွင် မွန်စာ ရှင်သန်လျက်ရှိသည်။

၂၅။      မြန်မာစာ။     ။ မြန်မာစာသည် ၁၂ ရာစုနောက်ပိုင်းတွင်လည်း ခေတ်အဆက်ဆက်ကို ကျော်ဖြတ်၍ ရှင်သန် ဖွံ့ဖြိုးခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။

၂၆။      မြန်မာအက္ခရာနှင့် နှီးနွှယ်သော တိုင်းရင်းသားစာများ။     ။ ၁၂ ရာစုနောက်ပိုင်းတွင် မြန်မာအက္ခရာနှင့် နှီးနွှယ်သော တိုင်းရင်းဘာသာ စာ အရေးအသားများကိုလည်း တွေ့ရှိရသည်။ ယင်းတို့မှာ ကရင်၊ ပအိုဝ့်၊ ရှမ်း စသည်တို့ ဖြစ်သည်။ ယင်းအက္ခရာ အရေးအသားတို့အကြောင်းကို ဆက်လက် လေ့လာကြရဦးမည် ဖြစ်သည်။