ဦးဆန်းထွန်း(မန်းတက္ကသိုလ်)

USanTun

ဦးဆန်းထွန်း (မန်း-တက္ကသိုလ်)

ဆရာကြီးဦးဆန်းထွန်းကို ၁၉၅၁-ခုနှစ်၊ ဧပြီလ ၆ ရက်၊ အင်္ဂါနေ့တွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ အဖ ဦးဘိုးထွန်းနှင့် အမိ ဒေါ်မြခင်တို့က မွေးဖွားခဲ့သည်။

ကျောင်းပညာကို သနွံသနော့ ကျေးရွာ မူလတန်းကျောင်း၌ စတင် သင်ကြားခဲ့သည်။ သတ္တမတန်း အရောက်တွင် ဘုန်တော်ကြီးကျောင်းသို့ ပြောင်း၍ သဒ္ဒါ၊ သင်္ဂြိုလ် စသော လောကုတ္တရာ စာပေများကို သင်ကြားခဲ့သည်။ ၁၉၂၈-ခုနှစ်တွင် ရှင်ဇနိန္ဒ ဟူသော ဘွဲ့အမည်ဖြင့် သာမဏေ ပြုခဲ့သည်။ ၁၉၃၅-ခုနှစ်တွင် အင်္ဂပူမြို့ ရွှေဘုံသာကျောင်း၌ ရှင်ဉာဏိဿရဘွဲ့ အမည်ဖြင့် ပဉ္ဇင်းခံခဲ့သည်။ ထိုနောက် ပထမပြန် ဆရာတော် ရှင်တေဇောသာရ (ဆရာကြီး ဒဂုန်ဦးထွန်းမြင့်) ထံတွင် လောကုတ္တရာစာပေများကို ဆက်လက်သင်ကြား၍ ပထမပြန်စာမေးပွဲများကို ဖြေဆိုခဲ့ သည်။ ၁၉၃၆-ခုနှစ်တွင် ပထမကြီးတန်းကို အောင်ခဲ့သည်။ ၁၉၃၇-ခုနှစ်တွင် မန္တလေးသို့ ရောက်ရှိခဲ့ပြီး အကျော်အမော် ဆရာတော်ကြီးများ ဖြစ်တော်မူကြသော အဘိဓဇမဟာရဌဂုရု ညောင်ရမ်းဆရာတော်၊ ဟံသာဝတီဆရာတော်၊ ခင်မကန်တိုက် သူဌေးဆရာတော်၊ ဘုရားကြီးတိုက် ဆရာတော်၊ မိုးကောင်းတိုက် စာချဆရာတော် ဦးပညာတို့ထံတပည့်ခံ၍ ပါဠိဘာသာနှင့် ဗုဒ္ဓ ဘာသာစာပေများကို ဆက်လက်သင်ကြား ဆည်းပူးခဲ့သည်။ မြန်မာစာပေ ပျို့ကဗျာများကို လေ့လာ လိုက်စားခဲ့သည်။ ဦးဆန်းထွန်းသည် သန်လျင် ဘီအိုစီ ဓာတုဗေဒ ဆရာကြီး ဦးမောင်မောင်ထံတွင်လည်း အင်္ဂလိပ်စာ သင်ခဲ့ပါသည်။ ထို့အပြင် ဂျပန်ခေတ်တွင် ဦးသောမဒတ္တ (မြန်မာစာအဖွဲ့ဝင် စာရေးဆရာကြီး ဦးသော်ဇင်) ထံ၌လည်း ဟိန္ဒိ၊ ဘင်္ဂါလီနှင့် သက္ကတဘာသာ တို့ကို လေ့လာ ဆည်းပူးခဲ့သည်။

ကြီးပွားရေး မဂ္ဂဇင်း၌ ကဗျာများ၊ စာများ စတင် ရေးသားခဲ့သည်။ ၁၉၄ဝ ပြည့်တွင် ရွှေပြည်တော် သတင်းစာ၌ အရှင်ဉာဏိဿရ (ကာဝီယဝါစီ) အမည်ဖြင့် ကဗျာများကို အပတ်စဉ် ရေးသားခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်မြို့ မင်္ဂလာရာမတိုက်၌ စာချဘုန်းကြီးအဖြစ် ဆောင်ရွက်လျက် ရှိပြီး အရှင်အာဒိစ္စဝံသ (ဦးအောင်မြတ်ထွတ်) ထံတွင် နိကာယ်ငါးရပ်၊ ပိဋကတ် သုံးပုံကို လေ့လာ သင်ယူခဲ့ပြန်သည်။ ၁၉၄၉-ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ စန္တိနိကေတန် တက္ကသိုလ်၌ ဟိန္ဒီဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တိဗက်ဘာသာ၊ ပြာကရစ် ဘာသာများကို နှစ်နှစ်ကြာ ဆက်လက် လေ့လာသည်။ ဟိန္ဒူ စာရေးဆရာကြီး ရာဟုလာသံကိစ္စည်းထံတွင် အယူအဆ နည်းနာနိဿယများ လေ့လာ မှတ်သားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ၁၉၅၁-ခုနှစ်တွင် လူဝတ်လဲ ခဲ့သည်။ ဆရာသည် အင်္ဂလိပ်၊ ပါဠိ၊ သက္ကတ၊ ဟိန္ဒီ၊ ဘင်္ဂါလီ ဘာသာများကို တတ်ကျွမ်းသူ ဖြစ်သည်။

လူထုဂျာနယ်၌ အယ်ဒီတာအဖြစ် နှစ်နှစ်ခန့်လုပ်ကိုင်၍ ထိုဂျာနယ်တွင် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့သည်။ ထို့နောက် မန္တလေးတက္ကသိုလ် မြန်မာစာဌာန၌ နည်းပြဆရာ အဖြစ် စတင်အမှုထမ်းခဲ့သည်။ ထိုအချိန်တွင် ဆန်းထွန်း(မန်းတက္ကသိုလ်) ကလောင်အမည်နှင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ကဗျာ၊ ဆောင်းပါးများကို ရေးသားခဲ့သည်။ ၁၉၅၇-ခုနှစ်တွင် မြန်မာစာ လက်ထောက်ကထိကဖြစ်လာခဲ့ပြီး ၁၉၅၇-ခုနှစ်တွင် မန္တလေးတက္ကသိုလ်၊ မြန်မာစာဌာန လက်ထောက်ကထိက အဖြစ်မှ အငြိမ်းစားယူခဲ့သည်။

၁၉၈၃-ခုနှစ်တွင် မြန်မာစာအဖွဲ့၌ အချိန်ပြည့်အဖွဲ့ဝင် ခန့်ထားခြင်းခံရ၍ ကွယ်လွန်ချိန် ၁၉၈၉-ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။

ဆရာကြီးဦးဆန်းထွန်း၏ ပထမဆုံး လုံးချင်း စာအုပ်မှာ “နွားနှင့်စပါး” ဖြစ်ပြီး ၁၉၄၇-ခုနှစ်တွင် ရဟန်းဘွဲ့ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဆရာကြီးဦးဆန်းထွန်းသည် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်ပါးအပုဒ်ပေါင်းများစွာကို လစဉ် ရေးသားခဲ့သည်။ ထို့ပြင် လုံမလေးမဂ္ဂဇင်းတွင် သူ့ဘဝ သူ့အကြောင်းကဏ္ဍဖွင့်၍ ပင်ကိုရေးအတ္ထုပ္ပတ္တိကို လစဉ်အခန်းဆက်ရေးသားခဲ့ရာ ကွယ်လွန်ချိန်ထိ ဖြစ်သည်။ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင်လည်း ယဉ်ကျေးမှုအနုပညာကဏ္ဍ၌ မြန်မာစာပေဆိုင်ရာ ဆောင်းပါးများကို ကွယ်လွန်ချိန်ထိ ရေးသားခဲ့သည်။ ဗုဒ္ဓအမြင်၊ ဉာဏိဿရနီတိ၊ သီရိမင်္ဂလာစာတမ်း၊ ကဝိလက္ခဏာ သတ်ပုံ ဒီပနီ … ဝိသောဓနီ၊ သီပေါမင်း လက်ထက် ယဉ်ကျေးမှုတခု၊ တတိယမျက်လုံး၊ စာပေဘဏ်၊ ရှေ့သို့၊ ဗော်လ်ဂါမှ ဂင်္ဂါသို့၊ ရှေ့သို့အတွေးအမြင်စာစုများ စာအုပ်များကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။

 

ဆရာကြီး ဦးဆန်းထွန်းသည် ၁၉၈၉ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

 

 

 

admin


Leave a Reply

Your email address will not be published. Required fields are marked *