ဦးမြတ်ကျော်

 

UMyatKyaw

ဆရာကြီးဦးမြတ်ကျော်ကို ၁၉၃၅-ခုနှစ်၊ မေလ၂၀ ရက်နေ့တွင် အဖ ဦးဖကျော်နှင့် အမိ ဒေါ်သာနု တို့က မြောက်ဦးမြို့နယ်၊ ပျားတဲကျေးရွာ၌ မွေးဖွားခဲ့သည်။

ဆရာကြီးသည် ငယ်စဉ်က မြောက်ဦးမြို့နယ်၊ မှိုဟင်းကျေးရွာဆရာတော်နှင့် စက်သွားကျေးရွာ ဆရာတော်တို့ထံတွင် အခြေခံပရိယတ္တိစာပေများကို သင်ယူခဲ့သည်။ အသက် ၁၁ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် မြောင်းမြမြို့ ပဇ္ဇောတာရုံကျောင်းတိုက်တွင် ပရိယတ္တိစာပေများကို လေ့လာ သင်ယူသည်။ ရွှေကျင်သာသနာပိုင်ဆရာတော်၊ အင်္ဂလန်ဆရာတော်၊ မှော်ဘီသာသနာ့ဝန်ဆောင် ကျောင်းတိုက် အလင်္ကာပန်းကုံးဆရာတော် စသည့် ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို ဆက်လက်သင်ယူသည်။ အသက် ၂၀ အရွယ်တွင် နိုင်ငံတော်အစိုးရပါဠိပထမပြန် ငယ်၊ လတ်၊ ကြီး စာမေးပွဲများ၊ ပထမကျော်စာမေးပွဲနှင့် ဓမ္မာစရိယစာချတန်း စာမေးပွဲများကို ဂုဏ်ထူးဖြင့် အောင်မြင်သည်။ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့တံဆိပ် ရရှိသည်။ ထို့ပြင် ရန်ကုန်မြို့ စေတိယင်္ဂအဘိဝံသဘွဲ့နှင့် ညောင်တုန်းမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာ ပရိယတ္တိ စာမေးပွဲ ပထမကြီးတန်းကို ပထမဂုဏ်ထူးဖြင့် အောင်မြင်၍ သုဓမ္မာပရိယတ္တိ ပထမကျော်ဘွဲ့ ရရှိသည်။

          ဆရာကြီးသည် ၁၉၅၉-ခုနှစ်တွင် လူဝတ်လဲ၍ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနတွင် စာပြု၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် မြန်မာစာဌာန နည်းပြနှင့် တက္ကသိုလ်ကောလိပ်များ အရှေ့တိုင်းပညာ သင်ကြားရေး အကြံပေးအဖွဲ့ဝင်တာဝန်များကို ထမ်းဆောင်သည်။ ၁၉၇၄-ခုနှစ်တွင် မြန်မာစာအဖွဲ့ဦးစီးဌာနတွင် လက်ထောက်စာတည်းမှ ၁၉၉၅-ခုနှစ်အထိ စာတည်းမှူးတာဝန်များကို ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။ ၁၉၉၆-ခုနှစ်တွင် မြန်မာစာအဖွဲ့တွင် အချိန်ပြည့်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဆရာကြီးသည် မြန်မာစာ မြန်မာမှုဆောင်းပါးများ၊ ဘာသာရေးဆောင်းပါးများ၊ ဘာသာရေးကျမ်းစာအုပ်များကို ရေးသား ပြုစုသည်။ ရေးသားပြုစုသော စာအုပ်များမှာ လျှပ်စစ်ကင်္ဒါကျမ်း၊ ၃၁ဘုံ ခရီးသည်၊ လျှပ်စစ်ရူပ သိဒ္ဓိကျမ်း၊ လျှပ်စစ်ဋီကာကျော်ကျမ်း၊ ရာဟုလာမာတာ၊ မြန်မာအက္ခရာရေးသားနည်းစနစ်၊ မြန်မာ့ရိုးရာအမွေအနှစ် ရှေးဟောင်းပေစာ ပုရပိုက်စာ၊ ဗုဒ္ဓကျမ်းစာ မြစ်ဖျားခံသော အသုံးချမြန်မာစာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ မြန်မာစာမြန်မာမှုသုတ္တန်ရတနာ၊ ပုဂံခေတ် မြန်မာကျောက်စာအဘိဓာန်၊ ထေရဝါဒဗုဒ္ဓဘာသာ မြတ်ဗုဒ္ဓပါဝစနအဘိဓာန်၊ မြန်မာစာမြန်မာမှု ပါဠိအဘိဓာန်၊ မြန်မာ့ပေါရာဏမိတ်လင်စုံ၊

ဆရာကြီးသည် ၁၉၉၁-ခုနှစ်တွင် မြန်မာ့ရိုးရာအမွေအနှစ် ရှေးဟောင်းပေစာ ပုရပိုက်စာ စာအုပ်ဖြင့် လည်းကောင်း၊ ၁၉၉၅-ခုနှစ်တွင် ဗုဒ္ဓကျမ်းစာ မြစ်ဖျားခံသော အသုံးချမြန်မာစာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် စာပေဗိမာန်စာမူ ဒုတိယဆု၊ ၁၉၉၀-ခုနှစ်တွင် မြန်မာစာမြန်မာမှုသုတ္တန်ရတနာ စာအုပ်ဖြင့် အမျိုးသားစာပေဆုကိုလည်းကောင်း၊ ဗုဒ္ဓကျမ်းစာ မြစ်ဖျားခံသော အသုံးချမြန်မာစာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်၊ မြန်မာစာမြန်မာမှုသုတ္တန်ရတနာ၊ ပုဂံခေတ် မြန်မာကျောက်စာ အဘိဓာန်၊ မြန်မာ့ပေါရာဏမိတ်လင်စုံ စသည့် ကျမ်းစာမူများဖြင့် ပခုက္ကူဦးအုံးဖေ စာပေဆု လေးကြိမ်ကိုလည်းကောင်း၊၂၀၀၅-ခုနှစ်တွင် ဓမ္မဗိမာန်စာပေဆု တစ်သက်တာစာပေဆုများ ချီးမြှင့်ခြင်း ခံရသည်။

ဆရာကြီးသည် မြန်မာစာအဖွဲ့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရင်း ၂၀၀၉-ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ဇနီး ဒေါ်ရင်ကြည်နှင့် သားတစ်ဦး၊ သမီးငါးဦး ကျန်ရစ်သည်။

admin


Leave a Reply

Your email address will not be published. Required fields are marked *