ဦးထင်ကြီး(တက္ကသိုလ်ထင်ကြီး)

UHtinGyi

ဦးထင်ကြီး (တက္ကသိုလ်ထင်ကြီး)

ဆရာကြီးကို ၁၉၁၆-ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် နေ့တွင် မြင်းခြံမြို့တွင် အဖ ရုံပိုင် ဦးစံ၊ အမိ ဒေါ်ခင်တိုးတို့က ဖွားမြင်ခဲ့သည်။

၁၉၃၅-ခုနှစ်တွင် မန္တလေးဥပစာကောလိပ်တွင် ပညာသင်ကြားပြီး ၁၉၄၅-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၄၉-ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ မီနီဆိုတာတက္ကသိုလ်မှ မဟာဝိဇ္ဇာ (သတင်းစာ ပညာ) ကို ရရှိသည်။

ဆရာကြီးသည် ၁၉၅၁-ခုနှစ်မှ ၁၉၅၆-ခုနှစ်အထိ စာပေဗိမာန်တွင် မဂ္ဂဇင်းအယ်ဒီတာ၊ ၁၉၅၆-ခုနှစ်မှ ၁၉၅၉-ခုနှစ်အထိ ပြင်သစ်နိုင်ငံ ယူနက်စကိုဌာနချုပ်တွင်Programma Specialist၊ ၁၉၅၉-ခုနှစ်မှ ၁၉၇၆-ခုနှစ်အထိ စာပေဗိမာန်တွင် တွဲဘက်ဒယ်ဒီတာချုပ်မှ ညွှန်ကြားရေးမှူးအထိ တာဝန်ယူ ဆောင်ရွက်ခဲ့သည်ပြီး အငြိမ်းစား ယူခဲ့သည်။

 ၁၉၇၆-မှ ၁၉၈၁- ခုနှစ်အထိ မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ စည်းရုံးရေးကော်မတီ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၅-ခုနှစ်တွင် မြန်မာစာအဖွဲ့အချိန်ပြည့်အဖွဲ့ဝင်နှင့် ၁၉၉၁-ခုနှစ်တွင် မြန်မာ့သမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် အဖြစ် ပူးတွဲ ခန့်အပ်ခြင်း ခံရသည်။

ဆရာကြီးသည် ကောလိပ်ကျောင်းသားဘဝမှစ၍ မောင်ထင်ကြီးဟူသော ကလောင်အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ မန္တလေးဥပစာကောလိပ်တွင်ရှိစဉ် မန္တလေးသူရိယသတင်းစာနှင့် New Burma အင်္ဂလိပ် သတင်းစာတို့၏ သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၉-ခုနှစ်မှစ၍ News Pix သတင်းဓာတ်ပုံဌာန တစ်ခုကို ဦးစီးတည်ထောင်ခဲ့သည်။ အိုးဝေနေ့စဉ်သတင်း အယ်ဒီတာချုပ်၊ ပြင်သစ်သတင်းဖြန့်ချိရေး (အုပ်ချုပ်ရေးမှူး)၊ စာပေဗိမာန်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-ခုနှစ်တွင် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

နိုင်ငံခြားတိုင်းပြည်များသို့ ပညာတော်သင်၊ လေ့လာရေး၊ အလုပ်အကိုင်၊ ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေး စသည်တို့နှင့်စပ်လျဉ်း၍ အမေရိကန်၊ တရုတ်၊ ပါကစ္စတန်၊ ပြင်သစ်၊ အနောက်ဂျာမနီ၊ ရုရှား၊ အရှေ့ဂျာမနီ၊ ဟန်ဂေရီ၊ ယူဂိုဆလားဗီးယား၊ ဂျပန်နိုင်ငံများသို့ ရောက်ရှိခဲ့သည်။

၁၉၉၂-ခုနှစ်တွင် သုတပဒေသာ (ဝိဇ္ဇာ) အမျိုးသားစာပေဆုကို မြန်မာနိုင်ငံသတင်းစာများအညွှန်း (ပထမတွဲ၊ ဒုတိယတွဲ) ဖြင့် လည်းကောင်း၊ ၁၉၉၇-ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု၊ ၂၀၀၁-ခုနှစ်တွင် အရှေ့တောင်အာရှစာပေဆု များ ချီးမြှင့်ခြင်း ခံရသည်။

ဆရာကြီး ရေးသားခဲ့သော စာအုပ်များမှ Current English Word & Phrases၊ ခေတ်သုံးအင်္ဂလိပ်ဝေါဟာရ၊ ခေတ်သုံးအင်္ဂလိပ်ဝေါဟာရပေါင်းချုပ်၊ ဖြူနီဝါပြာနှင့် အခြားအင်္ဂလိပ်ဝေါဟာရများ၊ ဗိုလ်တာရာ၊ ချစ်ဥဩနှင့် အခြားဝတ္တုတိုများ၊ မြန်မာနိုင်ငံသတင်းစာများ၊ မြန်မာနိုင်ငံသတင်းစာများအညွှန်း (ပထမတွဲ၊ ဒုတိယတွဲ) တို့ ဖြစ်သည်။

ဆရာကြီးသည် မြန်မာစာအဖွဲ့တာဝန်များကို ထမ်းဆောင်ရင်း ၁-၄-၂၀၀၄ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

admin


Leave a Reply

Your email address will not be published. Required fields are marked *