ဦးတင်ခ (တက္ကသိုလ်တင်ခ)

ဦးတင်ခ (တက္ကသိုလ်တင်ခ)

ဆရာကြီးဦးတင်ခကို ၁၉၄၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သထုံမြို့၊ ကတိုက်ကလေးကျေးရွာတွင် အဖ ဦးချစ်ကျော်၊ အမိ ဒေါ်သန်းရင်တို့က မွေးဖွားခဲ့ပါသည်။

၁၉၅၆-ခုနှစ်တွင် ရန်ကုန်မြို့၊ တာမွေအစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၇၉-ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာနည်းပြ၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၄-ခုနှစ်အထိ အောင်ဆန်းသူရိယ လှသောင်းကျောင်းတွင် အထက်တန်းပြဆရာ၊ ၁၉၆၅-ခုနှစ်မှ ၁၉၆၉-ခုနှစ်အထိ အမှတ် (၉၇) ခြေလျင်တပ်ရင်း၌ တပ်စုမှူး၊ တပ်ခွဲမှူး၊ ၁၉၆၉-ခုနှစ်မှ ၁၉၉၅-ခုနှစ်အထိ စစ်တက္ကသိုလ်တွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခ၊ လက်ထောက်စာပေညွှန်ကြားရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၅-ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၀၁၂-ခုနှစ် တွင် မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်။

ဆရာကြီးသည် ၁၉၅၇-ခုနှစ်မှစတင်၍ ကဗျာ၊ လင်္ကာ၊ ဆောင်းပါးများကို ရေးသားခဲ့ပါသည်။ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ စန္ဒာ၊ သောင်းပြောင်းထွေလာမဂ္ဂဇင်းများ၊ လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ကဗျာ၊ စာပေ ဆောင်းပါးများစွာ ရေးသားခဲ့သည်။ ရေးသားပြုစုခဲ့သော စာအုပ်များမှာ မြန်မာ့ဇာတိမာန်အဘိဓာန်၊ ချီလေတဲ့ချီလေ၊ အာဆီယံနှင့် မြန်မာ (မြန်မာ+အင်္ဂလိပ်)၊ နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့၏အောင်ပွဲများ၊ အံ့ဖွယ်မြန်မာနိုင်ငံနှင့် အခြား ဆောင်းပါးများ၊ သဉ္ဇလီနှင့် အခြားဆောင်းပါးများ၊ ချီလေတဲ့ချီလေမှ ညီစေတဲ့ညီစေသို့ (မြန်မာ+အင်္ဂလိပ်)၊ နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့၏အောင်ပွဲများ(ဒုတိယတွဲ)၊ မြန်မာနှင့်အခြားဆောင်းပါးများ၊ အလောင်းမင်းတရား၊ သမိုင်းတွင် သမိုင်းတင်မည့် ချစ်ကြည်ရေးခရီးစဉ်မှတ်တမ်းများ (မြန်မာ+အင်္ဂလိပ်)၊ မြန်မာစာ မြန်မာမှုကို ပြုစုပျိုးထောင် ခေါင်းဆောင် ခဲ့သူများ စာအုပ်များ ရေးသားခဲ့သည်။

၁၉၉၃-ခုနှစ်တွင် မြန်မာ့ဇာတိမာန်အဘိဓာန်စာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိသည်။

admin


Leave a Reply

Your email address will not be published. Required fields are marked *