ဦးစန်းငွေ (ဒဂုန်ဦးစန်းငွေ)

USanNgwe

ဦးစန်းငွေ (ဒဂုန်ဦးစန်းငွေ)

ဆရာကြီးဒဂုန်ဦးစန်းငွေကို ၁၉၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ တည်ပင်တဲရွာ၌ အဖ တောင်သူကြီး ဦးအောင်ဇေယျ၊ အမိ ဒေါ်သည်းအူ တို့မှ မွေးဖွားခဲ့သည်။

ငယ်စဉ်က တည်ပင်ရွာ ဦးကေသရ (နောင်) တွင် လောကဓာတ်ကျောင်း၌ ပညာသင်သည်။ လေးတန်း စာမေးပွဲထိ အောင်မြင်ခဲ့သည်။ ကျောင်းဆရာ ဖြစ်လို၍ ညောင်ဦးသို့ အထက်တန်းပညာ ဆက်သင်ရန် သွားရောက်ခဲ့သည်။ ၁၉၂၁-ခုနှစ်တွင် ညောင်ဦးမြို့၊ မဟာဝိသုတာရာမတိုက်သစ်၌ ကိုရင်ဘဝဖြင့် လောကုတ္တရာစာပေကို သင်ကြားသည်။ ဘွဲ့အမည်မှာ ဦးဇာနေယျ ဖြစ်ပြီး စာပေထူးချွန်သဖြင့် စာချကိုယ်တော် ဖြစ်လာသည်။ ၁၉၃၃-ခုနှစ်တွင် မန္တလေး လယ်တီ ဦးကောဝိဒ (ပုပ္ပား ဦးကျော်ရင်) ထံတွင် ပညာဆက်လက် ဆည်းပူး၏။  ၁၉၃၅-ခုနှစ်တွင် ရဟန်းဘဝကို စွန့်လွှတ်သည်။

၁၉၃၅-ခုနှစ်တွင် မန္တလေး ရွှေဗမာမဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၃၆ ခုနှစ်မှ ဒုတိယကမာ္ဘစစ် ဖြစ်သည်အထိ ဒဂုန် မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့တွင် အဖွဲ့ဝင်၊ ၁၉၄၇-ခုနှစ်၊ ဒဂုန်မဂ္ဂဇင်း အယ်ဒီတာချုပ်နှင့် အေဝမ်းရုံစုံ အယ်ဒီတာချုပ်၊ ၁၉၅၄-၅၅ ခုနှစ်တွင် ရုပ်ရှင်အောင်လံ အယ်ဒီတာ၊ ၁၉၆၄ ခုနှစ်မှ စ၍ ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေ အတိုင်အပင်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်မှ စ၍ မြန်မာစာပေ ကော်မရှင် (မြန်မာစာအဖွဲ့) အဖွဲ့ဝင်နှင့် ကျောင်းသုံးစာအုပ် ကော်မတီအဖွဲ့ဝင်၊ စာပေလုပ်သား စည်းရုံးရေး ကော်မတီဝင် တာဝန်များကို ယူခဲ့သည်။

၁၉၈၅-ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်းတွင် အတိုင်ပင်ခံစာတည်း၊ ရတနာမွန်မဂ္ဂဇင်းတွင် စာတည်းချုပ်အဖြစ်လည်းကောင်း ထမ်းဆောင်သည်။

ဆရာကြီးသည် ပေါက္ကံမောင်တင်၊ သီရိပစ္စယာစောဥမ္မာ၊ မောင်စံတူ၊ ဘားမားစန်းစန်း၊ ဒဂုန်ဦးစန်းငွေ စသည့် ကလောင်အမည်များဖြင့် စာများ ရေးသားခဲ့သည်။ ယုဝတီမျက်မှန် (ခေါ်) ပျို့အဘိဓာန်၊ ကာမမှု၊ အေဝမ်းသီချင်းညွန့်ပေါင်းချုပ်၊  တောင်နန်းဘွား၊ မြန်မာမှုအထွေထွေ၊ သဒ္ဒါမျက်လုံး ရေးဖတ်ထုံး၊ ကဗျာက ပေးသော ဗဟုသုတများ၊ အထက်တန်း မြန်မာသဒ္ဒါ၊ အလယ်တန်း မြန်မာသဒ္ဒါ၊ တဆယ့်နှစ်လမိုး၊ ဒို့စကား ဒို့စာ ဒို့သဒ္ဒါ၊ အခြေခံ မြန်မာသဒ္ဒါ၊ သဒ္ဒါကို လေ့လာခြင်း၊ သဒ္ဒါအမြင် စာအမြင်၊ ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့သော မေးခွန်းနှင့် ပြဿနာများ ပေါင်းချုပ်(ပ-တွဲ)၊ (ဒု-တွဲ)၊ (တ-တွဲ)၊ (စ-တွဲ)၊ ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့သော မေးခွန်းနှင့် ပြဿနာများပေါင်းချုပ်၊ ပြည့်လက်ရုံး၊ ဗုဒ္ဓနိကယ်ငါးရပ်၊ ဗုဒ္ဓအမွေအနှစ်၏အရသာ၊ စာဗူးတောင်း၊ မြန်မာစာပေ ဝိသေသလက္ခဏာများ၊ ဗုဒ္ဓ၏ဝိနည်းဝတ္ထုတော်ကြီး၊ နိဗ္ဗာန်စခန်း လက်တကမ်း ဇာတ်နိပါတ်ဝတ္ထု(ပထမတွဲ)၊ နိဗ္ဗာန်စခန်းလက်တကမ်း ဇာတ်နိပါတ်ဝတ္ထု(ဒုတိယတွဲ)၊ ယထာဘူတ၊ အသုံးချမြန်မာသဒ္ဒါ၊ ဒေဝဒတ်၊ အဇာတသတ်၊ သောတာပန်၊ ပုဂံပြည်ရောက် အရှင်အရဟံ မဟာဗောဓိသမိုင်း၊ လက်ဝဲရံ လက်ယာရံ၊ ဘလာတိယပျို့အဖွင်၊ သောတာပန်နှင့် ယထာဘူတ၊ စာဏကျနီတိနှင့် သိင်္ဂါလော ဝါဒသုတ္တန်၊ ဝိဓူရဇာတ်တော်ကြီး ခက်ဆစ်နှင့်အဖြေစုံ စာအုပ်များ ရေးသားခဲ့သည်။

ဆရာကြီးသည် မြန်မာစာအဖွဲ့၏တာဝန်များကို ကွယ်လွန်ချိန် ၁၉၉၁-ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့ပါသည်။

admin


Leave a Reply

Your email address will not be published. Required fields are marked *