ဒေါ်သန်းဆွေ (မြမဉ္ဇူ)

DThanSwe

 

ဒေါ်သန်းဆွေ

 ဆရာမကြီးဒေါ်သန်းဆွေ (စာရေးဆရာမ မြမဉ္ဇူ) ကို ၁၉၂၀-ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အမရပူရမြို့နယ်၊ လိပ်ဆံခွန်ရွာတွင် အဖ ဦးစက်ရုံ၊ အမိဒေါ်ထွေးတို့က မွေးဖွားခဲ့ပါသည်။ ဆရာမကြီးသည် ၁၉၃၃-ခုနှစ်တွင် လိပ်ဆံခွန်ရွာတွင် (မြန်မာ) အလယ်တန်းကျောင်း၊ ၁၉၃၅-ခုနှစ်တွင် မန္တလေးမြို့၊ (အင်္ဂလိပ်-မြန်မာ) ဘီတီအင်အလယ်တန်းကျောင်း၊ ၁၉၃၆-ခုနှစ် မှ ၁၉၃၈-ခုနှစ်အထိ မန္တလေးမြို့၊ အေဘီအင်မိန်းကလေး အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၄၀-ခုနှစ်မှ ၁၉၄၉- ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ကိုလည်းကောင်း၊ ၁၉၄၉-ခုနှစ်တွင် မဟာဝိဇ္ဇာ (အထူးအောင်)ဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။

ဆရာမကြီးသည် ၁၉၄၇-ခုနှစ်မှ ၁၉၅၁-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက တာဝန်များ၊ ၁၉၅၁-ခုနှစ်မှ ၁၉၇၄-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်တို့တွင် ကထိကတာဝန်၊ ၁၉၇၄-ခုနှစ်မှ ၁၉၈၀-ခုနှစ်တွင် မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပါမောက္ခ ရာထူးတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃-ခုနှစ်တွင် မြန်မာစာအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၁၉၈၅-ခုနှစ်တွင် မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရပါသည်။

ရာဇကုမာရ်မွန်ကျောက်စာလေ့လာချက်၊ မြန်မာဘာသာစကား၊ မြန်မာကျောက်စာ စာတမ်းဆောင်းပါးများ ရေးသား ခဲ့သည်။

၁၉၈၀-ခုနှစ်စ၍ ကမာရွတ်မြို့နယ်၊ စာပေလုပ်သားအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၇-၆-၂၀၀၂-ခုနှစ် ကွယ်လွန်ချိန်အထိ မြန်မာစာအဖွဲ့တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

admin


Leave a Reply

Your email address will not be published. Required fields are marked *