ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)

UKhinAyeဆရာဦးခင်အေးကို ၁၉၄၂-ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ကျုံတစ်နီးရွာ၌ အဖ-ဦးရာမနှင့် အမိ ဒေါ်စောတင်တို့က ဖွားမြင်သည်။

၁၉၅၄ – ခုနှစ်တွင် ရန်ကုန်မြို့ မြူနီစီပယ် ပညာရေးအဖွဲ့ကစစ်ဆေးသော စတုတ္ထန်းစာမေးပွဲကို ပထမအဆင့်မှ အောင်မြင်သည်။ ၁၉၅၇- ခုနှစ်၊ သတ္တမတန်းနှင့်အလယ်တန်းပညာသင်ဆု (စကောလားရှစ်) စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်သဖြင့် အလယ်တန်းပညာသင်ဆု (စကောလားရှစ်) ဆု ရရှိခဲ့သည်။ ၁၉၅၉-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်ပြည်လုံး၌ မြန်မာစာအမှတ်အများဆုံးဖြင့် အောင်မြင်သည့်အတွက် ငွေတာရီရွှေတံဆိပ်နှင့် လှသမိန် ရွှေတံဆိပ် ချီးမြှင့်ခံရသည်။ တက္ကသိုလ်ပညာသင်ဆု ရသည်။  ၁၉၆၃- ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (အထွေထွေဂုဏ်ထူး) ရရှိသည်။ ၁၉၆၉-ခုနှစ်တွင်  မဟာဝိဇ္ဇာဘွဲ့(ဂုဏ်ထူး) ရရှိခဲ့သည်။ ၂၀၀၂-ခုနှစ်တွင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ Doctor of Letters(Honoris Causa) ကို ချီးမြှင့်ခြင်း ခံရသည်။ ၂၀၀၇-ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။

၁၉၆၃-ခုနှစ်တွင် ပုသိမ်ကောလိပ် မြန်မာစာဌာန၌ နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ပုသိမ်ကောလိပ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၉၉၇-ခုနှစ်မှ ၁၉၉၉-ခုနှစ်အထိ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်တွင် မြန်မာစာဧည့်ပါမောက္ခအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၆-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ ပါမောက္ခဌာနမှူး တာဝန်မှ အငြိမ်းစားယူခဲ့သည်။ ၂၀၀၉ -ခုနှစ်တွင် မြန်မာစာအဖွဲ့၊ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ယနေ့အချိန်အထိ မြန်မာစာအဖွဲ့ဝင်တာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

ဆရာမောင်ခင်မင်(ဓနုဖြူ)သည် အခြေခံပညာသင်ရိုးညွှန်းတမ်းကော်မတီတွင် အဖွဲ့ဝင်၊ အဆင့်မြင့် ပညာသင်ရိုးညွှန်းတမ်းကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ဆရာကြီးသည် အလယ်တန်းကျောင်းသားဘဝမှစ၍ စာနယ်ဇင်းများတွင် ဆောင်းပါးများ ရေးသားခဲ့သည်။ မြန်မာစာ၊ မြန်မာဘာသာစကားများနှင့် ပတ်သက်သော စာအုပ်များစွာ ရေးသား ခဲ့သည်။ မြန်မာစကား၊ မြန်မာစကားရုပ်ပုံလွှာ စာအုပ်ဖြင့် ၁၉၈၇-ခုနှစ်အတွက် စာပေဗိမာန် စာမူဆု၊ သုတပဒေသာ ဝိဇ္ဇာပထမဆုကို  ရရှိခဲ့သည်။  ၂၀၀၂ -ခုနှစ် အမျိုးသားစာပေဆု (စာပဒေသာဆု) ကို နှစ်လေးဆယ်ဘဝမှတ်တိုင်များစာအုပ်ဖြင့် ရရှိသည်။

ယခုအခါ ဇနီးဒေါ်စုစုနွယ် (တွဲဖက်ပါမောက္ခ-မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) သမီး-သူသူနွယ်အေးတို့နှင့်အတူ ကမာရွတ်မြို့နယ်တွင် နေထိုင်လျက်ရှိသည်။

admin


Leave a Reply

Your email address will not be published. Required fields are marked *